သမိုင်းဝင် ဂေါဒေါပလ္လင် ဇလုံတောင်တော် ဣစ္ဆာသယ ချမ်းသာကြီးဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မြို့၏ မြောက်ဖက် ၁၅ မိုင်ခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၉၀ ပေမြင့်သော ဇလုံတောင်ပေါ်တွင် တင့်တယ်သပ္ပါယ်စွာ စံနေတော်မူလျှက်ရှိသည်။ သက္ကရာဇ် ၄၉၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်၍ နှစ်ပေါင်း ၉၀၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဘုရာသမိုင်းစာအုပ်များအဆိုအရ ဤကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တော် တောင်ဟု ခေါ်ဝေါ်ခဲ့ကြပြီး နောင်တွင် ဒေသခံ များက ဇလုံမှောက်ထားသည်နှင့်တူ၍ ဇလုံတောင်ဟု ခေါ်ခဲ့ကြကြောင်း သိရသည်။ အရိမေတ္တယျ မြတ်စွာဘုရားသခင် တရားဦး ဟောကြား မည့် နေရာဖြစ်၍ ““ဇလုံတောင်အရှင် စာရင်းမဝင် လျှင် မေတ္တာရှင်နှင့် လွဲရမည် ”” ဟုစာဆိုရှိကြောင်းလည်း သိရသည်။

ကျောက်တောင်ကြီး၏ ပုံသဏ္ဍာန်မှာ ခမည်းတော်တောင်နှင့် မယ်တော်တောင် ကျောက်လုံးကြီးနှစ်ခု ပူးတွဲတည်ရှိနေပြီး ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်၌ သားတော် တောင်နှင့် သမီးတော်တောင်များ ရှိနေပါသည်။ ကျောက်တောင်ထိပ်သို့ တက်သည့်အခါတွင် ခမည်းတော် တောင်နှင့် မယ်တော်တောင် တောင်ကြီးနှစ်လုံးကြားမှ အင်္ဂတေ လှေကားထစ်ကလေးများအတိုင်း ကွေ့ဝိုက်၍တက်ရပြီး  အတန်ငယ်ကျဉ်း ကျပ်သော ကျောက်တံခါးဝ တစ်ခုကိုလည်း ကျော်ဖြတ်ရမည်ဖြစ်သည်။ ကုသိုလ်တရားနည်း၍ အကု သိုလ်များ သူများ ယင်းတံခါးဝကိုပင် မကျော်နိုင်မဝင်နိုင်ဟု ဒေသခံများက ဆိုကြ၏။

ဇလုံတောင်ဘုရားသို့ သွားရာလမ်းသည် ခမိုးချောင်းနှင့် ပင်းမနချောင်းအတိုင်း ယှဉ်၍သွားရသည့် နေရာများရှိသကဲ့သို့ ချောင်းလက်တက် ငယ်များကို ထပ်ခါထပ်ခါ ဖြတ် ကျော် သွားလာရသည့် နေရာများလည်းရှိသည်။ မြင့်မားသောတောင် နံရံကြီးများကို တွေ့ရမည်ဖြစ်သည့်အပြင် လျှိုမြောင်များ ဆီသို့လည်း ဦးတည်သွားရတာမျိုးလည်းရှိသည်။ သစ်မျိုးစုံနှင့် ဝါးရုံတောများ တွေ့နိုင်မည်။ ကျောက်စိုင် ကျောက်သားများ ကြားမှ ထိုးထွက်ပေါက်ရောက်နေသော တရုတ်စကားပန်း ရနံ့များကလည်း တောင်လုံးအနှံ့ သင်းပျံ့  ကြိုင်လှိုင်နေပေသည်။ ဤကဲ့သို့ တည်ရှိနေသော ပထဝီအနေအထားကြောင့် ဗန်းမောက်မှ ဇလုံတောင်ခရီးသည် သဘာဝသစ်တော အခြေခံခရီးသွားလုပ်ငန်းကိုလည်း အထောက် အကူပြုနေမည်ဖြစ်သည်။ နိုင်ငံခြားသား ခရီးသွားများလည်း စိတ်ဝင်စားကြ၏။

အခြားသော ထူးခြားချက်များမှာ ဇလုံတောင်တော်၏ တောင်ဖက် ၂ မိုင် ခန့်အကွာတွင် ကျောက်မဏ္ဍပ် ဘုရားရှိပါသည်။ တောင်ထိပ်တွင် အလျား (၈၀) ပေ အနံ (၇၀) ပေခန့် ကျောက်ဖျာကြီးပေါ်၌ တည်ထားခြင်းဖြစ်သည်။ ကျောက်ဖျာသည် ကြီးမားလွန်း၍ နှစ်ဖက်နှစ်ခြမ်း ကျောက်အမိုး မဏ္ဍပ်ကြီးကဲ့သို့ သဘာဝအတိုင်း ဖြစ်တည်လျှက်ရှိသည်။ ဇလုံတောင်ဘုရားဖူးများအနေဖြင့် ကျောက်မဏ္ဍပ် ဘုရားသို့လည်း သွားရောက်ဖူးမြော်နိုင်သည်။ ကျောက်လှေ၊ ကျောက်မောင်းဆုံ၊ ကျောက်ပန်းကန်နှင့် ဆန်အိတ် ပုံသဏ္ဍာန် ကျောက်ဆန်အိတ်များကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ သဘာဝကျောက် တံတားကိုလည်း ဖြတ်၍လျှောက်ရမည်။ ဇလုံတောင်တော်ခြေရင်းတွင် ဆယ့်နှစ်ရာသီ ရေမပြတ် သည့် သဘာဝ နတ်ရေကန်လည်း တည်ရှိနေသည်။

ဘုရားဖူး မိဘပြည်သူများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သို့ မီးရထား၊ မော်တော်ကားများဖြင့်လည်းကောင်း ထိုမှ ဗန်းမောက်မြို့သို့ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း သွားရောက်ပြီး ဇလုံတောင်ဘုရားဆီသို့ သွားရောက်ဖူးမြော် နိုင်ပါသည်။ ထိုသို့ သွားရောက်ရာတွင် မော်တော်ကားလမ်းကြမ်းပေါက် နေပြီဖြစ်၍ ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် သွားရောက် နိုင်သလို ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရား ဖူးမြော်သကဲ့သို့ တောလမ်းခရီးမှလည်း တက်ရောက်ဖူးမြော်နိုင် ကြောင်း သိရသည်။

Contact Us