“ဓမ္မရံကြီးဘုရား (ပုဂံ)
ဘုရားဒါယကာ: နရသူမင်း(ခ)ကုလားကျမင်း(သက္ကရာဇ် ၅၂၉ ခုနှစ်)l
နရပတိစည်သူမင်း (သက္ကရာဇ် ၅၅၅ ခုနှစ်)

ဓမ္မရံကြီးကို တည်သော ဘုရင်မှာ အလောင်းစည်သူမင်းကြီး၏သားတော် နရသူဖြစ်သည်။ နရသူသည် ပုဂံမင်းဆက်၌ နာမည်ကောင်း မရသောဘုရင်ဖြစ်သည်။ ထီးနန်းစည်းစိမ်ကို မက်မောလှသည်ဖြစ်၍ နာမကျန်းဖြစ်နေသော ခမည်းတော် အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီးဘုရားသို့ ပို့ထားလိုက်လေသည်။ ရွှေဂူကြီးဘုရားတွင် ခမည်းတော်မင်းကြီး သတိမေ့လျော့နေရာမှ သတိပြန်ရလာသည်ဟု ကြားသိရသောအခါ ကိုယ်တိုင်သွားပြီး နရသူသည် ထီးနန်းလက်လွတ်သွားမှာစိုး၍ ခမည်းတော်အသက်မရှူ နိုင်အောင် အဝတ်ဖြင့် ပါးစပ်ကိုဆို့၍ လုပ်ကြံကွပ်မျက်ပစ်လိုက်သည်။ ခမည်းတော် ကွယ်လွန်သောအခါ သားတော်အကြီး မင်းရှင်စော(နရသူအကို)ထံမှ အဓမ္မနည်းဖြင့် ထီးနန်းသိမ်းပိုက်သည်။ ဘုရင်ဖြစ်လာသောအခါ၌လည်း တိုင်းသူပြည်သားများနှင့် ရဟန်း သံဃာတော်များ စိမ်မချမ်းမြေ့အောင် ပြု မူသည်။
နရသူသည် အခြားပုဂံမင်းဆက် သာသနာ့ဒါယကာဘုရင်များကဲ့သို့ သမိုင်းစာမျက်နှာတွင် သာသနာ့ဒါယကာ ဘုရင်တစ်ပါးအဖြစ် ရွှေစာလုံးနှင့် အထိုးခံရလိုဟန်ရှိသည်။ ထို့ကြောင့်ပင် သူ၏ဓမ္မရံကြီးကို ပုဂံရှိအခြားစေတီပုထိုးများထက်သာအောင် ကြိုးစားထားသည်။ ဗိသုကာနှင့် အခြားဘုရားတည်သူ လုပ်သားများအား သူ့စိတ်တိုင်းကျ ဖြစ်အောင် ဓားမိုးခိုင်းသည်။ အုတ်တစ်ချပ်နှင့် တစ်ချပ်အကြားတွင် အပ်နှင့်ထိုးကြည့်သည်။အုတ်နှစ်ချပ်ကြားတွင် အပ်ဝင်သွားသည်ကို တွေ့ရသောအခါ ခေါင်းဆောင်ဗိသုကာအား ကွပ်မျက်ပစ်သည်ဟု အဆိုရှိသည်။ ထို့ကြောင် ဓမ္မရံကြီး၏ အုတ်စီအုတ်ထပ်လက်ရာမှာ အခြားပုဂံဘုရား ပုထိုးများ လိုက်မမီအောင် ဖြစ်နေသည် တွေ့ရသည်။ အုတ်နှစ်ချပ်၏ အကြားတွင် အပ်နှင့် ထိုးကြည့်၍ပင် မရပေ။
သို့သော်လည်း ဘုရားဒါယကာ၏ စေတနာမမှန်သောကြောင့် ဓမ္မရံကြီးသည် ထုထည်ကြီးမားခိုင်ခံပြီး မိုးစွန်တစ်ဖျား မြင့်မားထိုးထွက်လျက် အခြားပုဂံဘုရားများ အပေါ်တွင် စီးမိုးနေသော်လည်း အာနန္ဒာl သဗ္ဗညု l ဂေါဓော့ပလ္လင်စသော အခြားစေတီ ပုထိုးများလို ကြည်ညို ဖွယ် သပ္ပာယ်သည့်အသွင် ဆောင်မနေဘဲ ထုံထုံထိုင်းထိုင်း မှိုင်းမှိုင်းညို့ညို့ ဖြစ်နေသည်။
နရသူမင်းသည် ဓမ္မရံကြီးကို သက္ကရာဇ် ၅၂၉ ခုနှစ်တွင် စတင်တည်ခဲ့သော်လည်း အပြီးမသတ်ခင် လုပ်ကြံခံရ၍ စေတီတော်ကြီးသည် အင်္ဂါမစုံ ဖြစ်သွားရလေသည်။ ထိုမင်း၏လက်ထက် မပြီးရှိသည်ကို သက္ကရာဇ် ၅၅၅ ခုနှစ်၌ နရပတိစည်သူမင်းသည် ခမည်းတော်၏ ကောင်းမူဖြစ်သည့်အတိုင်း ဆက်လက်၍ တည်လုပ်တော်မူလေသည်။
ဘုရားဘွဲ့ နာမတော်နှင့် ပတ်သတ်၍မူ ‘ဓမ္မရံသီ’ မှ ‘ဓမ္မရံကြီး’ ဖြစ်လာသည်ဟု အဆိုရှိသည်။ ပုဂံခေတ်က ဓမ္မရံကြီးနှင့်ကပ်လျက် အနောက်ဘက်တွင် သီတင်းသီလနှင့် ပြည့်စုံသော ‘ ဓမ္မရံသီ’ ဘွဲ့အမည်ရှိရဟန်းတော်တစ်ပါး သီတင်းသုံးခဲ့ဖူးသည်။ထိုရဟန်းတော်၏ ဘွဲ့အမည်ကို အစွဲပြုလျက် ဘုရား၏ အမည်လည်း ‘ဓမ္မရံသီ’ ဟုတွင်လာလေသည်။ နောက်ပိုင်းကာလ ရွေ့လျောလာသောအခါ ‘ ဓမ္မရံသီ ‘ မှ ‘ ဓမ္မရံကြီး ‘ ဖြစ်လာသည်။


‘ထုဓမ္မရံ’ ဆိုသည်အတိုင်း ပုဂံဘုရားများအနက် ထုထည်အရွယ်အစား အကြီးမားဆုံး ဘုရားတစ်ဆူဖြစ်သည်။ ပုဂံတစ်ဝိုက် မည်သည့်နေရာမှ ကြည့်လိုက်ကြည့်လိုက် မိုးစွန်တစ်ဖျား မြင့်မားစွာ ထိုးထွက်နေသော ဓမ္မရံကြီးဘုရားကို ဖူးတွေရသည်။
*ကိုးကား_ဆရာပါရဂူ ပုဂံခရီးသည် *

Contact Us