စစ်ကိုင်းဒေသမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်အများကြီးရှိတဲ့အထဲက စစ်ကိုင်းမြို့ရဲ့မြောက်ဘက် ၁၂ မိုင်အကွာမှာရှိတဲ့ မင်းကွန်းဒေသ၊ မင်းကွန်းယဉ်ကျေးမှုနယ်မြေဟာလည်းခိုင်မာတဲ့သမိုင်းအမွေအနှစ်တွေနဲ့ထင်ရှားလှပါတယ်။ မင်းကွန်းဟာ ဧရာဝတီမြစ်နဲ့မင်းဝံတောင်ကြားမှာတည်ရှိပြီး ဟိုတုန်းကမင်းရွာလို့အမည်တွင်ခဲ့တာဖြစ်ပါတယ်။ ကုန်းဘောင်မင်းဆက်ခြောက်ဆက်မြောက်ဘုရင်ဖြစ်တဲ့ ဗဒုံမင်း(ဘိုးတော်ဘုရားမောင်ဝိုင်း) လက်ထက်မှာတော့မင်းရွာကို မင်းကွန်းလို့အမည်တွင်စေခဲ့ပါတယ်။


မင်းကွန်းမှာရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်းပုထိုးတော်ကြီးနဲ့ ခြင်္သေ့ကြီးတွေဟာ မင်းကွန်းကိုလာရောက်လည်ပတ်တဲ့ခရီးသည်တွေ အများဆုံးသွားရောက်ကြတဲ့အဆောက်အဦတွေဖြစ်ပါတယ်။
မင်းကွန်းခေါင်းလောင်းတော်ကြီးသည် ကမ္ဘာကျော်စာရင်းဝင်သော ခေါင်းလောင်းကြီးလည်း ဖြစ်ပေသည်။ ဤခေါင်းလောင်းတော်ကြီးကို မင်းကွန်းတစ်ဖက်ကမ်း “ စွန်းလွန်းရွာ” ဘိုးတော်ဘုရား အမိန့်တော်အရ (၁၁၇၀) ပြည့်နှစ် ကဆုန်လဆန်း (၅) ရက်နေ့က“ ပန်တင်ဝန် မဟာနန္ဒကျော်သူ” က ကြပ်မတ်ပြီး ပုထိုးတော်ကြီးနှင့် အရွယ်အစား ကိုက်ညီအောင် စတင်သွန်းလုပ်ခဲ့လေသည်။ ခေါင်းလောင်းတော်ကြီးကို သွန်းလုပ်ရာတွင် ကြေးညိုဖြင့် သွန်းလုပ်ထားပြီး ၊ ကြေးသားထဲတွင် ရွှေစ၊ ငွေစများ မြှုပ်နှံထားလေသည်။ ကြေးပိဿချိန်ပေါင်း (၅၅၅၅၅)ပိဿ     ကုန်ကျခဲ့၍ ထိုဂဏန်းကို လွယ်လင့်တကူ မှန်းထားနိုင်ရန် “ မင်း – ဖြူ – မှန် – မှန် – ပြော” ဟူသော သင်္ကေတ တစ်ခုတီထွင်ခဲ့သည်။

ဘိုးတော်ဘုရား ကိုယ်တိုင် မင်းခမ်းမင်းနားဖြင့် ပွဲသဘင်စုံကျင်းပစေကာ ခေါင်းလောင်းကြီးကို တင်လှူမည့်နေရာတွင် ချိန်ဆွဲပြီး လှူဒါန်းခဲ့လေသည်။ (၁၈၃၈) ခုနှစ် မြေငလျင်ဒဏ်ကြောင့် ခေါင်းလောင်းကြီး ပြုတ်ကျမြေခခဲ့ရာ ကြေးပိဿချိန် (၅) ပိဿခန့် ပဲ့ထွက်သွားခဲ့သည်။ ခရစ်နှစ် (၁၉၀၄) ခုနှစ်တွင် ဧရာဝတီ သင်္ဘော ကုမ္ပဏီမှ  “ ပစ္စတာဂျီဂျွန်း” ဦးဆောင်ပြီး သံယက်မ၊ သံတိုင်တို့ဖြင့် တပ်ဆင်ပေးခဲ့ရာ ယနေ့တွေ့မြင်ရသည့်အတိုင်းဖြစ်ပေသည်။

Contact Us