မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ မန္တလေးတောင်ထိပ်သည် ပင်လယ်ပြင်မှအထက် ပေပေါင်း ၇၇၆-ပေ၊ တောင်ခြေမြေပြင်မှ ပေပေါင်း ၅၀၀ ကျော်မြင့်ပါတယ်။

စေတီပုထိုးပေါင်း များစွာ တည်ထားပြီးမန္တလေးတောင်သည် မန္တလေးမြို့ကို အပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တစ်ကွ မန္တလေးမြို့၏ သဘာဝရှုခင်းအလှကို ကောင်းမွန်စွာခံစားလို့ရပါတယ်။ တောင်ထိပ်တွင် ဆုတောင်းပြည့် မြတ်စွာဘုရား တည်ရှိပြီး တောင်ပေါ်သို့ လှေကား (၄) ဆင်းမှ တက်ရောက်ဖူးမျှော်နိုင်ပါတယ်။ လှေကားများမှာ တောင်ဘက်၊ အရှေ့တောင်ဘက်၊ အနောက်ဘက် နှင့် မြောက်ဘက် တွင်ရှိသည်။ ကားလမ်းလည်း ဖောက်ထားသလို ကားရပ်ထားသောနေရာမှာ ဘုရားပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား၊ စက်လှေကား များတပ်ဆင်ထားသည်။
မန္တလေးဟူသော အမည်သည် ‘မဏ္ဍလ’ ဟူသော ပုဒ်မှ’မဏ္ဍလေး’၊ ထိုမှ ‘မန္တလေး’ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပါယ်မှာ ‘ပျံပျူးသာယာသော နယ်မြေ’ ဟု ယူဆသော်ရ၏။အချို့က ‘မန္ဓရေး’ မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပါယ်မှာ ‘ကျက်သရေတို့ကို ဆောင်အရပ်’ ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီး ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။ ဘုရားအလောင်း ငါးရံ့မင်းသည် ထိုမှ အန္တရာယ်ကင်းရာသို့ မှန်း၍ ကူးခတ်ပြေးခဲ့ရသောတောင်ကို ထိုစဉ်က မှန်းပြေးတောင်ဟု တွင်ခဲ့ပြီး ယခုအခါ မန္တလေးတောင်ဟု ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့သည်ဟုဆိုကြပါတယ်။

မန္တလေးတောင်ကို တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားသည်ဟု ဆိုသည်။ တောင်ကိုးလုံးတွင် အချို့သော တောင်ငယ်များမှာ စေတီပုထိုးကျောင်းဆောင်များ တည်ရှိနေသောကြောင့် တောင်ကုန်းဟုပင် မထင်ရတော့ပေ။ အချို့သောတောင်များမှာ ယ​နေ့တိုင် လှပစွာ တည်ရှိနေသေးသည်။ မန္တလေးတောင် သမိုင်းအချို့တွင် “‘မဏ္ဍလေးတောင်”‘ဟု ခေါ်တွင်ကြောင်းနှင့် မန္တလေးတောင်သည် ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဆေးဒါန်းတောင်၊ မြင်းသီလာတောင်၊ ဒုတ္ထာတောင်၊ ရေလှည့်တောင်၊ ကြေးနီတောင်၊ ဘီလူးမတောင်ဟု အမည်တွင်သော တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားခြင်းနှင့်မန္တလေးတောင်ကို လာရောက်ကြသူများ ကြည်လင်ရွှင်ပြရာ ဖြစ်သောကြောင့် မဏ္ဍလေးတောင် (မန္တလေးတောင်)ဟု ခေါ်တွင်ကြောင်းလည်းသမိုင်းတွင် ရေးသားထားပါတယ်။

ဆုတောင်းပြည့်ဘုရားပေါ်မှ ရှုမျှော်ကြည့်လျှင် မန္တလေးမြို့တစ်မြို့လုံးကို ကောင်းမွန်စွာ မြင်ရသည်။ နန်းတော်ဟောင်း၊ ကျုံးနဲ့နန်းမြို့ရိုး၊ သုဓမ္မာဇရပ်တန်း၊ ကျောက်တော်ကြီးဘုရား၊ ကျောက်စာအချပ်ပေါင်း ၇၂၉ ချပ် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး တည်ရှိရာ စန္ဒာမုနိဘုရားနှင့် ကုသိုလ်တော်ဘုရား၊ ဧရာဝတီမြစ် နှင့် အနောက်ဘက်ကမ်းရှိ မင်းကွန်းပုထိုးတော်ကြီး၊အရှေ့ဘက်ရှိ ရှမ်းရိုးမတောင်တမ်းကြီးတို့ကို လှမ်းမြင်ရသည်။ ညနေ နေဝင်ချိန်တွင် လာရောက်ကြည့်ရှုသူ အလွန်များပြားလှပါတယ်။

မြွေကြီး ၂ ကောင်ဟုခေါ်သောဘုရား ကိုလည်းသွားရောက်ဖူးမျှော်နိုင်သည်။ မြွေ ၂ ကောင်သည် မကြာခဏ ဆုတောင်းပြည့်ဘုရားကို လာရောက်ဖူးမျှော်ကြကာ ၎င်းတို့သေသော်အခါ ရုပ်ထုများထုလုပ်ကား ဘုရားတည်ထားခဲ့သည်ဟု ဆိုကြပါတယ်။ လာရောက်ဖူးမျှော်ကြသူများက မြွေကြီး ၂ ကောင်၏ ပါးစပ်အတွင်းသို့ ငွေများထည့်သွင်းကာ လှူဒါန်းလေ့ရှိကြသည်။မန္တလေးတောင်ကတော့မန္တလေးမြို့တစ်ခုလုံးကိုမြင်ရတဲ့နေရာပဲဖြစ်ပြီးဓာတ်ပုံဝါဿနာရှင်တွေ စိတ်ပျက်စေမှာမဟုတ်ပါဘူး။ ထိုးထွက်နေတဲ့စေတီတွေသာမကမန္တလေးမြို့မြင်ကွင်းကိုကအလွန်လှပပါတယ်။ ဓာတ်ပုံလှလှရချင်တယ်ဆိုရင်တော့မနက်စောစောသွားရပါလိမ့်မယ်။

Contact Us