ဝက်သည်းကန်ဟာ မကွေးတိုင်းဒေသ ကြီး၊   မင်းဘူးခရိုင်၊   စလင်းမြို့အတွင်းမှာ တည်ရှိပြီး (၁.၇)စတုရန်းမိုင်၊ ဧက(၁၀၈၈)ဧကကျယ်ဝန်းကြောင်း သိရသည်။ ဝက်သည်းကန် ကို    ရောက်ရှိတာနဲ့    လေ့လာနိုင်မယ့်     မြင်ကွင်း တွေကတော့    ရေပျော်ငှက်နဲ့   ဆောင်းခိုငှက်များ   လာရောက်ကျက်စားမှုများကို  လေ့လာနိုင်မှာ ဖြစ် ပြီး တော့    ရေတိမ်ဒေသရဲ့ဂေဟစနစ်ကိုလည်း  လေ့လာနိုင်မှာ  ဖြစ်ပါတယ်။

အဆိုပါ ဝက်သည်းကန်ကြီးအား လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်မှစပြီး နိင်ငံတော်အစိုးရမှ သားငှက် ဘေးမဲ့ကြိုးဝိုင်းအဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်ကာ ရေကြိုးဝိုင်းအဖြစ်သတ်မှတ်ပြီး ယင်းကန်အတွင်း ကျက်စားလျှက်ရှိသော ရေနေသတ္တဝါများ၊ ငှက်မျိုးများ မျိုးဆက်မတုံးရန်နှင့် ယင်းကန်ကြီးပိုလျှံရေများဖြင့် ဆင်ကျုံးကွင်း၊ရှမ်းစုကွင်း၊ ကူဖြူကွင်း၊ကူတိုကွင်း၊မကျီးပင်ပုကွင်းတို့ မှ လယ်ဧက (၂၅၀၀)ကျော် ရေသွင်းစိုက်ပျိုးပေးနိင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအပြင် ရုံးပိတ်ရက်နှင့် အားလပ်ရက်များနှင့် အခါကြီးရက်ကြီးနေ့ရက် များတွင် စလင်းမြို့ ဝက်သည်းကန်ကြီးသို့ အပန်းဖြေရန် လာရောက်ကြပြီး၊ကန်ကြီးအတွင်း အပျော်စီးလှေများ၊ ကလေးစီးအရုပ်ရေယာဉ်ငယ်များ စီမံပေးထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဝက်သည်းကန်သမိုင်း

ပုဂံပြည့်ရှင်နရပတိစည်သူမင်းကြီးသည် ခရစ်သက္ကရာဇ် ၁၁၉၄ခုနှစ် ကောဇာသက္ကရာဇ် ၅၅၆ခုနှစ်တွင် ပန့်သကူငစွဲယ်ရှင်ဆရာတော် ပေါင်းလောင်ရှင်ကဿပဆရာတော်တို့ကို ပင့်ဆောင်ပြီး မြန်မာနိုင်ငံ အကြေအညာ တစ်ဝန်းအားတိုင်းခန်းလှည့်လည်တော်မူခဲ့သည် ။ စလင်းမြို့နယ်ဒေသသို့ရောက်သောအခါ စားလင်းသူကြီး အမတ်ကြီးမဟာပုံ ၊ ရေငန်သူကြီး ၊ ကြက်တက်မြှောသူကြီး ၊ လက်ဗွေဆိုင်သူကြီး (၄)ဦးတို့ ပေါင်းစုတည်ထားခဲ့သော စလင်းဒေသသည် လူနေအိမ်ခြေစည်ကားပြီးအကွက်အကွင်းလည်းကျ လယ်ယာ ချောင်းမြောင်းလည်းပေါ၍ အနောက်ရိုးမတောင်တန်းစွယ်တွင်ရှိသော ချင်းတောင်တန်းဒေသကိုလည်း စီမံခန့်ခွဲနိုင်သည် ။ မင်းနေပြည်တော်နှင့်လည်း အဆက်အသွယ်ကောင်း၍ နိုင်ငံတော်သစ် တည်ဆောက်ရန် ဆန္ဒတော်နှင့်လည်းကိုက်ညီနေ၍ မြို့ရွာသစ်တည်ခြင်းကိုသဘောကျတော်မူသည်။

နရပတိစည်သူမင်းကြီးသည် ဆည်မြောင်းမြို့ပြ(၃)ဌာနနှင့်ညီညွတ်၍ ကောဇာသက္ကရာဇ် (၅၅၆)ခုနှစ် တော်သလင်းလဆန်း (၁၅)ရက် အင်္ဂါနေ့တွင်တစ်ပြိုင်နက်ပန္နက်ချ၍ စလင်းမြို့ကိုတည်တော်မူခဲ့သည် ။ စလင်းဆည်တော် (ယခုလင်းဇင်းရေလွှဲဆည်) မြောင်းမတော်ကြီး မြောင်းငယ်အသွယ်သွယ်ကိုလည်း တူဖော်ဖောက်လုပ်စေပါသည် ။

နရပတိစည်သူမင်းကြီး၏ ကိုယ်လုပ်တော်ရှင်စောဝသည် မိမိ၏ကျေးကျွန်ချွေရံသင်းပင်းတို့ကို လယ်ယာမိုးမြေများလုပ်စေချင်သည့်အတွက် ကျည်းကုလားတို့ပြည်မှဖြစ်သော ပိတ်လေးအုပ်ကို လက်ဆောင် နှင်း၍ စလင်းမြို့သူကြီး(၄)ဦးထံမှ လယ်ယာမိုးမြေတို့ကိုတောင်းခံခဲ့သည် ။ မြို့သူကြီး (၄)ဦးမှလည်း သံဗျင် ဘတ္တရာနှင့် သံဗျင်နောင်နှစ်ဦးအားခေါ်ယူ၍ လယ်ယာမိုးမြေသစ်များအားပြစေခဲ့သည် ။ လယ်ယာမြေ သစ်များမှာ တောင်တောကျင်း ၊ မြောက်တောကျင်းတို့ဖြစ်သည် ။ ယခုဆင်ကျုံးရွာ ၊ ရှမ်းစုရွာများ၏ အနောက်ဘက်နှင့် တောင်ဘက်မှာရှိသော ကြက်တက်မျှောလယ်ပွဲ ၊ အရာတော်လယ်ပွဲ ၊ ဆင်ကျုံး လယ်ပွဲတို့ဖြစ်သည် ။ သို့ရာတွင်မြေနေရာရှိသော်လည်း ရေအခက်အခဲရှိနေပါသည် ။ တောတောင်ကျ ရေများ ရှိသော်လည်းမိုးကောင်းချောက်ကျဖြစ်၍ ရေများကြာရှည်မနေဖြစ်နေပါသည် ။ သို့ဖြစ်၍ ကိုယ်လုပ်တော် ရှင်စောဝသည် မင်းကြီးထံကန်ဘောင်ကန်ရိုးတူးဖော်ခွင့်တောင်းသောအခါမင်းကြီးမှ မိုးကောင်းချောက်ကျနှင့် နီး၍ရေနေလောက်သောနေရာအားကန်တူးဖော်ခွင့်ပြုပါသည် ။

ဤတွင် ရှေးရိုးရာမြန်မာတို့၏အယူအဆအတိုင်းကွန်းကန္နား မဏ္ဍပ်များ တည်ဆောက်ပြီး ဆိုင်ရာ ပိုင်ရာနယ်တော်ရှင် ၊ ပယ်တော်ရှင်နတ်များအားပင့်ဖိတ်ပြီး ဗလိနတ်စာများကျွေးမွေးပါသည် ။ ထိုအချိန်တွင် စွန်တစ်ကောင်သည် ဝက်အသည်းတစ်ခုကို အရှေ့အရပ်မှ ကိုက်ချီလျှက် စလင်းမြို့အနောက်ဘက် ကုန်းတန်း ခင်ကြောတစ်လျှောက်ဝဲပျံပြီး တစ်ခုသောနေရာတွင်ဝက်အသည်းကိုလွှတ်ချခဲ့ပါသည် ။ ၄င်းနောက် အရှေ့အရပ်ဆီသို့တုန့်ခေါက်ပျံသန်းသွားပါသည် ။ ၄င်းနိမိတ်ကို ယူ၍ဝက်အသည်းချခဲ့သော နေရာများတွင် တူးဖော်ခဲ့ခြင်းဖြစ်၍ “ဝက်အသည်းကန်” ဟုခေါ်တွင်ခဲ့ပါသည် ။ အချို့သောပညာရှိများကလည်း စွန်ငှက်ဝဲသည့် အတိုင်းတူးဖော်ခဲ့ခြင်းဖြစ်၍ “ဝဲသည့်ကန်”ဟုဆိုကြသည် ။ နောက်မှအသံညဉ်သာမှုကိုလိုက်၍ “ဝက်သကန်”မှ “ဝက်သည်းကန်”ဟုဖြစ်လာကြောင်းမှတ်သားရပါသည် ။ မည်သို့ပင်ဖြစ်စေ အကြောင်းအရာနှစ်ခုလုံးမှာ ယုတ်တိသင့်သည်မို့ ဘယ်လိုအယူအဆကောက်ကောက်မှားနိုင်သည်မဟုတ်ပါ ။ ထိုအချိန်မှစ၍စလင်းမြေတွင် “ဝက်သည်းကန်တော်ကြီး”ပေါ်ထွန်းခဲ့ပေသည် ။ နရပတိစည်သူမင်းကြီးမှလည်း ရှင်စောဝ၏ ဆောင်ရွက်မှု အတွက် ရွှေကွမ်းခွက် ၊ ရွှေကွမ်းလိပ်များဆုသနားတော်မူခဲ့ကြောင်းစလင်းသမိုင်းကျမ်းတွင် တွေ့ရပေသည် ။ ပထဝီအနေအထားအရမူလဝက်သည်းကန်တော်ကြီးသည် စလင်းမြို့၏အနောက်ဘက်တွင် ကပ်လျှက် တစ်ဆက်တစ်စပ်တည်းတည်ရှိပြီးအနောက်ဘက်တွင် ကန်ဘောင်ကျေးရွာအုပ်စု ၊ အောက်လှိုင်းကျေးရွာအုပ်စု ၊ တမာချောင်ကျေးရွာအုပ်စု ၊ ဆင်ကျုံးကျေးရွာအုပ်စုများ၏နယ်နိမတ်အတွင်း (၁.၇)စတုရန်းမိုင် ဧကအားဖြင့် (၁၀၈၈) ဧကရှိပါသည် ။ ဝက်သည်းကန်၏ သမိုင်းအရ ကန်သည် ပုဂခေတ် နရပတိစည်သူမင်းလက်ထက်တွင် တူးဖော်ခဲ့ ခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ (ကိုးကား စစ်ကြည်(စလင်း)၏ ဝက်သည်းကန်သမိုင်း)

Contact Us