ချောင်းသာကမ်းခြေကတော့ အားလုံးအတွက် အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ အပန်းဖြေနေရာတခုပါ။ ရန်ကုန်မြို့နဲ့ အနီးဆုံး ကမ်းခြေထဲက တစ်ခုဖြစ်လို့ အားလပ်ရက်တွေတိုင်း လည်ပတ်တဲ့သူတွေ မပြတ်စည်ကားပြီး တန်ဖိုးသင့် ဘန်ဂလိုတွေ၊ပင်လယ်စာ၊သွားစရာနေရာအများအပြားနဲ့ ခုချိန်ထိ ဆွဲဆောင်နေနိုင်ဆဲပါပဲ။ချောင်းသာကို ရောက်ပြီဆိုရင် ကမ်းခြေမှာဘဲ ထိုင်မနေချင်ဘဲ အနီးအနား ပတ်ဝန်းကျင်အလှတွေကို ရှာဖွေချင်တဲ့ လူတွေအတွက်တော့ ချောင်းသာကမ်းခြေ အနီးတဝိုက်မှာ အရမ်းလှတဲ့ တခြားစိတ်ဝင်စားစရာ နေရာတွေလည်း အများကြီး ကျန်ပါသေးတယ်။

ချောင်းသာကမ်းခြေက သဲသောင်ပြင်နဲ့ ပင်လယ်ရေအရောင်က အရမ်းကြီးမကောင်းတာကြောင့် ဖြူဖွေးနေတဲ့ သဲသောင်ပြင်မှာ လမ်းလျှောက်ရင်း ပြာလဲ့ကြည်လင်နေတဲ့ ရေထဲမှာ ရေကူးရတာကို နှစ်သက်တဲ့လူတွေ အဓိကသွားသင့်တဲ့နေရာကတော့ ‘ကျောက်မောင်နှမ’ ကမ်းခြေပါ။ ချောင်းသာကိုဝင်ဝင်ချင်း တွေ့တဲ့လမ်းချိုးထဲကို ဝင်သွားပြီး ၁၀ မိနစ်လောက် မောင်းတာနဲ့ ရောက်နိုင်ပါသည်။ ကွန်ကရစ်လမ်းဖြစ်လို့ မည်သည့်ကားနဲ့မဆို အလွယ်တကူသွားလို့ရပါတယ်။ အရမ်းကိုလှတဲ့ ကမ်း
ခြေကြီးတခုဖြစ်ပြီး လာလည်တဲ့သူအများစုကလည်း ဘုရားတောင်တဝိုက်က ကျောက်ဆောင်ကြီးတွေနားပဲ အနားယူကြလို့ ကမ်းခြေတလျှောက် ဘယ်သူမှမရှိပဲ အရမ်းကိုသာယာတိတ်ဆိတ်ပါတယ်။ သဲပြင်ကြီးကဖြူဖွေးနေပြီး ရေကလည်း အရမ်းကိုကြည်လို့ အနားယူလို့ အကောင်းဆုံးနေရာပါ။ တည်းဖို့ ဟိုတယ်တစ်ခုပဲရှိပါတယ်။ စားသောက်ဆိုင်လေးတွေတော့ ကျောက်မောင်နှမဘုရားနားမှာ အများကြီးရှိပါတယ်။ မြင်းစီး၊ဆင်စီး၊နွားယာဉ်စီး၊ATVစီး စတဲ့ activities တွေလုပ်နိုင်ပါတယ်။

ချောင်းသာရွာထဲမှာ တည်ထားတဲ့ စကားဝါတောင် နဂါးကိုးကောင် ဘုရားကြီးကိုလည်း ဖူးရင်း ရင်ပြင်ပေါ်ကနေ ချောင်းသာရွာတခွင်နဲ့ အဝေးက ပင်လယ်ပြင်ကို ရှုစားနိုင်ပါတယ်။ ခိုင်ချောင်းသာဟိုတယ် မျက်နှာချင်းဆိုင်လမ်းထဲသို့ဝင်ပြီး ၅ မိနစ်လောက်မောင်းရင် ရောက်ပါတယ်။

နောက်ထပ်သွားသင့်တဲ့နေရာကတော့ ချောင်းသာကမ်းခြေကနေလှမ်းမြင်နေရတဲ့ ဖိုးကလားကျွန်း(ခ)အောင်မင်္ဂလာကျွန်းပါ။ ကျွန်းပေါ်စေတီကနေ ပတ်ဝန်းကျင်ပင်လယ်ပြင်အလှနဲ့ အဝေးက သဲဖြူကျွန်းအလှကို မြင်ရမှာပါ။ ကျွန်းရဲ့အနောက်ခြမ်းမှာလဲ ရေကြည်ပြီး တိတ်ဆိတ်တဲ့ ကမ်းခြေရှိပါသေးတယ်။ အေးအေးချမ်းချမ်း နားချင်တဲ့ သူတွေအတွက် တကယ့်နေရာကောင်းပါပဲ။ ကူးခအဖြစ် ချောင်းသာကမ်းခြေ အပျော်စီးလှေဆိပ်မှ အသွားအပြန် ၅၀၀ပဲပေးရပါတယ်။ လှေအကြီးငှားရင် ပိုပေးရပါသည်။ သဲဖြူကျွန်းကိုလည်း ဒီလှေဆိပ်ကပဲ ထွက်ပါတယ်။ တယောက် ၃၀၀၀ ပါ။

နောက်ထပ်လှတဲ့ နေရာတွေလည်း အများကြီး ကျန်ပါသေးတယ်။ အုန်းတောကြီး ကမ်းခြေတို့၊ရွှေသောင်ယံကမ်းခြေတို့လည်း ရှိသေးပြီး ချောင်းသာကနေတော့ အတန်ငယ် သွားရပါတယ်။ ရွှေသောင်ယံကမ်းခြေက ၉မိုင်လောက်ဆက်သွားရပါတယ်။ ဇက်နဲ့ကူးရတုန်းပါ၊အခုတော့ တံတားထိုးနေပါပြီ။

ချောင်းသာကိုလာရင် ပုသိမ်မြို့ကပဲ ဖြတ်ရမှာပါ။ ပုသိမ်မှာ အရမ်းသာယာတဲ့ ဘုရားတခုရှိပါတယ်။ ပုသိမ်တံတားအဆင်းနားက လောကနန္ဒာဘုရားပါ။ ပုသိမ်မြစ်ကမ်းပေါ်မှာ တည်ထားပြီး ပုသိမ်မြစ်အလှနဲ့ ပုသိမ်ကြိုးတံတားကို ရှုစားရမှာပါ။ နေထွက်ချိန်နဲ့ နေဝင်ချိန် သွားလို့ အရမ်းကောင်းပါတယ်။

ကျေးဇူးတင်စွာဖြင့်
PhotoLog Myanmar

Contact Us