ပင်လယ်ကမ်းစပ်ကိုသွားဖို့စိတ်ကူးနေကြတဲ့သူတွေအတွက် ချောင်းသာ၊ ငွေဆောင် ကမ်းခြေကို သွားရတာရိုးနေပြီခံစားနေရသူတွေအတွက်တော့ ဂေါ်ရန်ဂျီက အတွေ့အကြုံအသစ်အဆန်းတွေပေးနိုင်မယ့် ပင်လယ်ကမ်းခြေတစ်ခုပါပဲ။ ဂေါ်ရန်ဂျီလို့ပြောလိုက်ရင် သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့ ကမ်းခြေတစ်ခုကို ပြေးမြင်မိမှာ အသေအချာပါတယ်။ ဂေါ်ရန်ဂျီကျွန်းကို တစ်ချို့တွေက တင်စားပြီးတော့ Paradise of Ayeyarwaddy လို့လဲခေါ်ကြပြန်တယ်။ ဂေါ်ရန်ဂျီကျွန်းက ဘင်္ဂလာပင်လယ်အော် (Bay of Bengal) ရဲ့ တစ်စိတ်တစ်ပိုင်း ပင်လယ်တစ်ခုပါ

ဂေါ်ရန်ဂျီကျွန်းကဘယ်မှာတည်ရှိလဲဆိုတော့ ဧရာဝတီတိုင်းဒေသကြီး၊ငပုတောခရိုင်၊ ငရုတ်ကောင်းမြို့နယ်၊ နံ့သာပုကျေးရွာအုပ်စုအပိုင်ထဲမှာတည်ရှိပါတယ်။

ဂေါ်ရန်ဂျီကျွန်းကိုဘယ်လိုသွားမလဲ…?
ရန်ကုန်ကနေပုသိမ်ထိသွား ပုသိမ်တိုးဂိတ်ကနေအထွက်ငွေဆောင်လမ်းခွဲရောက်ရင် ဘယ်ဘက်လမ်းကြောက မော်တင်စွန်းသို့ဆိုတဲ့လမ်းအတိုင်း၅၃မိုင်ဆိုရင် ငရုတ်ကောင်းတောင်နားနေစခန်းရောက်ပါမယ်။ အဲဒီကနေ ၁၆မိုင်ခွဲလောက်မောင်းပြီး ငရုတ်ကောင်းမြို့ကိုမရောက်ခင် ဂေါ်ရန်ဂျီသို့ဆိုတဲ့လမ်းဆုံတွေ့ပါမယ်။ အဲဒီလမ်းဆုံကနေနာရီဝက်လောက်မောင်းရင်ငရုတ်ကောင်းမြို့ရောက်ပါပြီ။ (ငရုတ်ကောင်းတောင်နားနေစခန်းအထိ၅၃မိုင်က ကတ္တရာလမ်းကောင်းပါတယ်။ ဟိုဘက်ခြမ်း၁၆မိုင်ခွဲကတော့ကျောက်ချောလမ်းပါ။ ) ငရုတ်ကောင်းမြို့ကိုမသွားပဲ တည်းခိုခန်း၊ ဘန်ဂလိုတွေရှိရာကိုသွားမယ်ဆိုရင်တော့ ရွာထဲလမ်း ကျောက်လမ်းတွေကို တစ်နာရီခွဲ ခန့်မောင်းနှင်ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။

ဘတ်စ်နဲ့လာမယ်ဆိုရင်တော့ 
ရန်ကုန်ဒဂုံဧရာအဝေးပြေးကနေငရုတ်ကောင်းမြို့အထိတောက်လျှောက်ကားရှိပါတယ်။ ကံထူးအောင်နဲ့ ယူနီဗာဆယ် ကားလိုင်းတွေရှိပါတယ်။ ရန်ကုန်မှ ငရုတ်ကောင်းသို့ ည (8:30)pm ကားထွက်ပါတယ်။ ကားခ 10000/- (တစ်သောင်း) ကျပ်ပါ။ ငရုတ်ကောင်းကို မနက် ခန့်မှန်း(6:00) am ရောက်ပါတယ်။ ကားဂိတ်ရောက်ရင် ဆိုင်ကယ် တက္ကစီ တွေရှိပါတယ်။ ကျွေချိုင်စက်လှေဆိပ်လို့ပြောပြီး တက္ကစီ ငှါးလိုက်ပါ တစ်ဦးကို 500/- (ငါးရာ)ကျပ်ပါ။ စက်လှေဆိပ်ရောက် တာနဲ့ ချောင်းကျဉ်းကျဉ်းလေးမှာ မိနစ် (20)လောက် စက်လှေစီးရပါမယ်။ လူတစ်ဦးကို 400/- ( လေးရာ) ကျပ် တိတိပါ။ ကျွေချိုင်ရွာကို ရောက်ပြီဆိုတာနဲ့ တည်းခိုလို့ရမယ့် ဘန်ဂလိုလေးတွေ ဆီသွားမယ်ဆို ဆိုင်ကယ် တက္ကစီ ခ 500/- (ငါးရာ)ကျပ်ပါ ။ ဘန်ဂလို ရောက်ပြီ ဆိုတာနဲ့ ဂေါ်ရန်ဂျီ ကျွန်းကို လှမ်းမြင်ရမှာပဲဖြစ်ပါတယ်။

အစားအသောက်
အရိုင်းဆန်တဲ့ပင်လယ်မှာ ပင်လယ်စာတော့ရှားပါတယ်။ ကျေးလက်ဆန်တဲ့အရပ်မို့ ရွာကြက် ကို ဗူးသီးလေးနဲ့ချက်ထားတဲ့ကြက်ကာလသားချက်တို့ ငပိထောင်း/ရည် တို့စရာနဲ့ အိမ်ချက်ထမင်းဟင်းတွေကလဲ သဘာဝတရားကြီးနဲ့အရမ်းလိုက်ဖက်လွန်းတဲ့စားစရာတွေလို့ပဲဆိုပါရစေ။ တံကာသည်တွေ ငါးရဖားရရှိရင်တော့ ပင်လယ်စာတွေ တစ်ဝကြီးစားလို့ရတဲ့ကံပါတယ်ပေါ့ကွယ်။ ထမင်းစားမယ်ဆိုရင်တော့ ထမင်းတစ်နပ်ကို ၃၀၀၀ / ၃၅၀၀ ကျပ် (ထမင်း + အသားဟင်း ၁မျိုး + ဟင်းရည် + အသုပ်တစ်မျိုး + ငပိရည် + တို့စရာ) တို့ပါဝင်မှာပါ။ ပင်လယ်စာနဲ့ဆိုရင်တော့ ဈေးနှုန်းပြောင်းလဲနိုင်ပါတယ်။

ဂေါ်ရန်ဂျီကျွန်းမှာဘယ်တွေလည်ကြမလဲ ?

မြ၀တီ ဘုရား


မသွားမဖြစ်သွားကြတာတော့ ဘုရားလဲဖူးရင်း လိပ်ဥလဲတူးရင်ဆိုသလို မြ၀တီဘုရားကိုပါ။ လိပ်ဥတူးတယ်ဆိုတာကတော့ ဘုရားတောင်ပေါ်က မြင်ကွင်းတွေက အရမ်းလှလွန်းလို့ပါ။ ဂေါ်ရန်ဂျီရဲ့ (View Point) ဖြစ်ပါတယ်။ အဘရသေ့ တည်ထားကိုးကွယ်ခဲ့ပြီး နဂါးမယ်တော်ကာကွယ် စောင့်ရှောက်တဲ့ ဘုရားလို့သိရပါတယ်။ ထူးခြားချက်တစ်ခုရှိတာက မည်သည့်သက်ရှိကိုမျှစားသောက်ရန်မျိုးပွားဖို့အတွက်မွေးမြူလို့ မရပါဘူးတဲ့၊ ကြက်မမွေးမြူ ထားရင်လဲကြက်ဖချည်းဖြစ်ကုန်တာပါပဲ၊ စားသောက်ရန် မွေးမြူထားရင် အားလုံး အနာကြကုန်တယ်။ ကျွန်းပြောင်းမွေးမြူ လိုက်မှအားလုံး ပြန်ကျန်းမာ သွားကြတယ်လို့သိရပါတယ်။

လိပ်ချိုင်
ရေအလွန်ကြည်ပြီးတော့ စနူးကလင်းလုပ်ဖို့ကောင်းတဲ့နေရာပါ။ ကျောက်တောင်တွေရဲ့အလှအပကိုလဲ ကြည့်လို့မ၀နိုင်အောင်ခံစားရမျာဖြစ်သလို ကျောက်ကမ်းစပ်ကို ပင်လယ်လှိုင်းပုတ်တာလေးကလဲ ဓါတ်ပုံလှလှရိုက်ချင်သူတွေကို ဆွဲဆောင်နိုင်မယ့်နေရာပါ။ မြ၀တီဘုရားကနေ လိပ်ချိုင်ကိုသွားမယ်ဆို စက်လှေ ၁၀ မိနစ် ၁၅ မိနစ်ခန့်စီးရပြီး တစ်ယောက်ကို ၁၀၀၀ ကျပ်ပါ။ (အသွား အပြန်ဆိုရင်တော့ ၂၀၀၀ ကျပ်ကျမှာဖြစ်ပါတယ်။)

စပါးထာကျွန်း
သူကတော့ပင်လယ်မှာရေချိုထွက်တဲ့တွင်းလေးရှိနေတာကိုက အဆန်းပါ။ ရေကြည် လှိုင်းငြိမ်ပြီး စနူးကလင်းလုပ်လို့လဲ အရမ်းကောင်းပါတယ်။

#ခရီးစဉ်အကြံပြုခြင်း
ကျနော်တို့ ဂေါ်ရန်ဂျီကျွန်းကို ရန်ကုန်ကနေ ကျွန်းပေါ်က ဟိုတယ်ရှေ့အထိကားနဲ့သွားခဲ့ကြပါတယ်။ သွားတဲ့လမ်းတစ်လျှောက်တောင်ဆင်းတောင်တက်တွေ ကွေ့တွေအထပ် ထပ်ကျော်ဖြတ်ခဲ့ ရတာဘာမှမဖြစ်ပါဘူး။ ကျောက်ချောလမ်း ၁၆ မိုင်ကြမှ လူးနေအောင်ကိုခံရတာ ကျောက်ခဲစားတောင်အစာကြေမလားမှတ်ရတယ်။ ဒါကြောင့်မို့အကြံပေးချင်တာက… ကားနဲ့သွားမယ့်သူတွေ ဟိုတယ်ရှေ့ထိမသွားပဲ ငရုတ်ကောင်းမြို့ကနေ စက်လှေနဲ့သာ သွားဖို့အကြံပေးချင်ပါတယ်။ ကမ်းခြေဆိုတာ အပန်းဖြေဖို့သွားတာပါ။ ပင်ပန်းဆင်းရဲပြီး ရောက်သွားရတာထပ် သက်တောင့်သက်သာရောက်ဖို့က အရေးကြီးပါတယ်။ ကား၊ စက်လှေ၊ ဆိုင်ကယ် အဆင့်ဆင့်ပြောင်းစီးရပေမယ့် လူတော့ပိုသက်သာပါတယ်။ ကိုယ်ပိုင်ကား အမြင့်တွေကတော့ ကားနဲ့တိုက်ရိုက်သွားရတာ အဆင်ပြေနိုင်ပါတယ်။ ကားနဲ့သွားမယ်ဆိုရင် တစ်ချို့နေရာတွေ တာဘောင်လိုနေရာမျိုးတွေမှာ ကားနှစ်စီးရှောင်လို့ခက်ခဲတဲ့နေရာတွေရှိပါတယ်။ ရေကျော်တွေလဲရှိတဲ့အတွက် အထူးသတိထားမောင်းနှင်ဖို့လဲ သတိပေးချင်ပါတယ်။

#MeeMeeKyawWin
#GawYanGyiIsland

Contact Us