အရမ်း သာယာပြီး မြို့ပြရဲ့မွန်းကျပ်မှုတွေက ခဏတာ လွတ်မြောက်နိုင်တဲ့ နေရာလေးပါ။ သွားဖို့က အရမ်းလွယ်ပါတယ်။
saung taing gyi.jpg1.jpg4
သွားတဲ့လမ်းကြောင်းကတော့ ကျိုက်ထီးရိုးသွားတဲ့လမ်းအတိုင်း သွားရုံပဲ။ ကင်မွန်းစခန်းတောင်ခြေရောက်တဲ့အခါ ဘယ်ဘက်ကလမ်းကို ဆက်သွားရမှာပါ။ ညာဘက်က ကျိုက်ထီးရိုး တောင်ပေါ်တက်တဲ့လမ်းဆိုတော့ ပိတ်ထားပါတယ်။ အဲဒီတော့ လမ်းမှားစရာမရှိတော့ဘူးပေါ့။ အဲဒီ ဖွင့်ထားတဲ့ ဘယ်ဘက်လမ်းကနေ မိနစ် 30 ကျော်လောက် အထဲကို ဆက်မောင်းသွားရပါမယ်။ အဲဒီနေရာတစ်လျှောက်ကတော့ လမ်းနည်းနည်း ဆိုးပါတယ်။ ဆောင်နိုင်ကြီးရေတံခွန်ဆိုပြီး ဆိုင်းဘုတ် နှစ်ကြိမ် တွေ့ပါလိမ့်မယ်။ ပထမဆိုင်းဘုတ်က ကင်မွန်းစခန်းအကျော်လေးက တံတားကို ဖြတ်ပြီးတာနဲ့ တွေ့မှာပါ။ အဲဒီတံတားအောက်မှာ တချို့က ရေကစားကြပါတယ်။ ရေစီးတော့ သိပ်မရှိဘူးပေါ့။ မိနစ် ၂၀ လောက်မောင်းပြီးရင် ဒုတိယဆိုင်းဘုတ်တွေ့ပါမယ်။ ဆက်သွားလို့ ၁၀ မိနစ်လောက်ဆို ရောက်ပါပြီ။

ရေတံခွန်ကို စဝင်တာနဲ့ အားလုံးသဘောကျမှာပါ။ ကျောက်တုံးအကြီးကြီးတွေနဲ့ အရမ်းလှနေပြီးတော့ ဘေးနှစ်ဘက်လုံးက တောအုပ်ပုံစံဆိုတော့ တကယ်ကို သာယာပါတယ်။မြို့မှာနေတဲ့သူတွေအတွက် အခုမှ တကယ့်လေကောင်းလေသန့်ကို ရှုရတော့ မွန်းကျပ်မှုတွေ အားလုံးပျောက်ကုန်ရော။

ရေတံခွန်မှာ ရေကစားလို့ ရတဲ့နေရာ ၄ ခုလောက် ရှိပါတယ်။ ကားရပ်တဲ့နေရာမှာ တစ်ခု၊ ဆက်တက်ရင် ၃ ခုရှိပါတယ်။ အပေါ်ဆုံးကတော့ အရမ်းလှပေမယ့် မိုးရာသီမှာတော့ ရေစီးအရမ်းသန်လို့ ရေကစားလို့ မရပါဘူး။ ဓာတ်ပုံရိုက်၊ ဓာတ်ဖမ်းလို့တော့ အားကြီးကောင်းတာပေါ့။ အပေါ်ဆုံးကနေ နည်းနည်းဆင်းလိုက်ရင် ရေကစားလို့ရတဲ့ နောက်တစ်နေရာ ရောက်ပါမယ်။ မုန့်ဆိုင်လေးတစ်ဆိုင်လဲ ရှိတော့ သူငယ်ချင်းအုပ်စုလိုက်ဆို သီးသန့် ထိုင်လို့၊ ရေဆော့လို့ ကောင်းတာပေါ့။ အဲဒီနေရာကနေ ထပ်ဆင်းလာရင် ကားပါကင်မရောက်ခင်မှာ နောက်ထပ် ရေကစားလို့ရတဲ့ နေရာတစ်ခုတွေ့မယ်။ အဲဒီမှာတော့ မုန့်ဆိုင် ၃ ခုလောက်ရှိတယ်။့ ရေကစားတဲ့နားမရောက်ခင်လေးမှာ ငှားလို့ရတဲ့ အိမ်လေးတစ်လုံးရှိတယ်။ ၂၀၀၀၀ ကျပ်တဲ့ ။ အိမ်ထဲမှာတော့ ဘာမှမရှိဘူး။ အခန်းလွတ်ကြီးပါပဲ။ ဖျာတွေ ဘာတွေယူသွားရင်တော့ ခင်းထိုင်လို့ ရတာပေါ့။ အဓိကကတော့ မိန်းကလေးများရင် ရေကစားပြီး  အ၀တ်အစားပြန်လဲဖို့ အဆင်ပြေတယ်။ အိမ်နဲ့ မဟုတ်လည်း ကိုယ့်ကားနား အဆင်ပြေသလို လဲလိုက်လည်း ရတာပဲ။ လုံခြည်တစ်ထည်လောက်တော့ ယူသွားပေါ့နော်။ ဒီကို ခရီးပြုမယ်ဆိုရင် စောစောထွက်တာ ပိုကောင်းတယ်။ လမ်းမှာကလည်း ဝင်စရာနေရာလေးတွေရှိနေသေးတော့ စောသွားလေ ကောင်းလေပဲ။ မနက် ၇ နာရီလောက်မှသွားတော့ ညပြန်ရောက်တာ နောက်ကျတယ်။ လမ်းမှာ စိမ်းလဲ့တင်လည်း ခဏဝင်ဖြစ်လိုက်သေးတယ်။ ဒါတောင် View Point ကို မဝင်လိုက်ရဘူး။

ဒီတော့ ဖြစ်နိုင်ရင် မနက် ၅နာရီ မြို့ပြင်ရောက်အောင် ထွက်ပါ။ မနက်စာကို လမ်းမှာ iT တို့၊ ခိုင်ခိုင်ကျော်ဆိုင်တွေမှာ စားလို့ ရတယ်။ ပုလဲတို့ကတော့ iT မှာ စားတာ တိုရှည် အရမ်းကောင်းတယ်။ အဲဒီသွားတဲ့လမ်းကြောင်းက စားစရာနေရာအများကြီးရှိတော့ ကောင်းမှကောင်းပဲ။ တစ်ခုတော့ ကတိပေး၊ အဲဒီကို သွားလည်ရင် အမှိုက်တွေ မပစ်ချကြပါနဲ့နော်။ အဓိက ပလတ်စတစ်အိတ်တွေပေါ့။ တောတောင်ရေမြေအလှတွေကို ဒီပလပ်စတစ်တွေကြောင့် အကျည်းမတန်စေချင်ဘူးလေ။ ရေထဲမှာလဲ ပုလင်းတွေ ယူသောက်ပြီး မထားခဲ့ပါနဲ့နော်။ ကွဲသွားရင် ရေစီးနဲ့ဆိုတော့ ထိမိ ရှမိရင် အန္တရာယ်ရှိလို့ပါ။ ဒါလေးတွေကတော့ အခြေခံသိထားပြီးသားတွေ ဖြစ်မှာပါနော်။ ရေထဲကကျောက်ဆောင်တွေပေါ် တက်ရင် ချောလို့သတိထားပေးပါ။

 

Blogger Travel with LOVE

Contact Us