ရွှေပြည်မှာ အနားယူကြမယ်…

ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့် ပဲခူးမြို့မှာ ဆိုရင် ၁၂၈ ဧကကျယ်ဝန်းလှတဲ့ ပဲခူးရွှေပြည်အပန်းဖြေစခန်းကြီးကို ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် အခုသီတင်းကျွတ် ကျောင်းပိတ်ရက်လေးမှာ နေ့ချင်းပြန် ခရီးတစ်ခုအနေနဲ့ အေးအေးချမ်းချမ်း ပျော်ပွဲစား ထွက်နိုင်အောင် ပဲခူးရွှေပြည် Resort သွားရောက် အပန်ဖြေနိုင်အောင် လမ်းညွှန်ပေးပါမယ်။

ပဲခူးရွှေပြည်က ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်မှာပဲ ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့ကနေ ပဲခူးရွှေပြည်ကို သွားမယ်ဆိုရင် နှစ်နာရီလောက် အချိန်ပေးလိုက်ရုံနဲ့ ရောက်ရှိမယ့် နေ့ချင်းပြန် ခရီးတစ်ခုဖြစ်တဲ့အပြင် ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်မှာပဲ ရှိတဲ့အတွက် သွား လာရ လွယ်ကူတဲ့ နေရာလေးတစ်ခု ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

ပဲခူးရွှေပြည်က ၁၂၈ ဧက ကျယ်ဝန်းလှတဲ့အတွက် အပန်းဖြေစခန်း အနှံ့တစ်ခုလုံးကို လည်ပတ်နိုင်အောင် ဂေါက်ကွင်းစီး ကားငယ်လေးတွေနဲ့ လည်ပတ်ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဒီကားလေးတွေနဲ့ အပန်းဖြေစခန်းအနှံ့ လှည့်ပတ်ကြည့်မယ်ဆိုရင် မိနစ် ၃၀ ခန့် ကြာမြင့်မှာဖြစ်ပြီး ကားတစ်စီး ကျပ် ၁၀၀၀၀ နဲ့ လူ ခုနစ်ယောက် စီးနင်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လာရောက် လည်ပတ်ကြည့်ရှုသူတွေအနေနဲ့ ဗဟုသုတ ရရှိအောင် ပန်းပုပညာရှင်တွေ ထုလုပ်ထားတဲ့ မျောက်ပုံပန်းပုရုံ၊ ခြင်္သေ့ပန်းပုရုံ၊ ဆင်၊ ငှက်ပန်းပုရုံတွေကိုလည်း လေ့လာကြည့်ရှုနိုင်ဖို့အတွက် ဆောက်လုပ်ပေးထားပါတယ်။

ရွှေပြည်မှာ တွေ့ရှိရမယ့် ပန်းပုရုပ်တွေကတော့ နာမည်ကြီး ပန်းပုပညာရှင်တွေကိုယ်တိုင် ထုလုပ်ထားတာဖြစ်ပြီး အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ဟန် ပန်းပု၊ မြန်မာ့ရိုးရာ ပန်းပုရုပ်တွေအပြင် လက်ရာသေသပ် လှပကောင်းမွန်တဲ့ ပန်းပု ရုပ်တွေကို မြင်တွေ့ရမှာပါ။

မြန်မာမှု မြန်မာ့လက်ရာတွေကို ချစ်မြတ်နိုးသူတွေကို မြန်မာ့လက်မှုပညာကို ပြသချင်တဲ့အတွက်ကြောင့် ရွှေပြည်မှာ လက်ရာသေသပ် ပြောင်မြောက်လှတဲ့ ပန်းပုကောင်းတွေကို အများကြီးတွေ့မြင်ရမှာ ပဲဖြစ်ပါတယ်။

ရွှေပြည်ရဲ့ဝင်းကြီးကို လှည့်ပတ်ကြည့် ရှုပြီးရင်တော့ မိသားစုလိုက်၊ အုပ်စုလိုက် အေးအေးဆေးဆေး အပန်းဖြေနိုင်အောင် သစ်ပင်အရိပ်အာဝါသ ကောင်းမွန်တဲ့ နေရာတွေမှာ တဲလေးတွေ ဆောက်လုပ်ပေးထား ပါသေးတယ်။

ဆောက်လုပ်ပေးထားတဲ့ တဲလေးတွေရဲ့ပုံစံက ဘန်ဂလိုပုံစံ မျိုးဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ရွှေပြည်ကို လာရောက်အပန်းဖြေသူတွေ သက်သောင့်သက်သာနဲ့ အနားယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာရောက်အပန်းဖြေလိုသူတွေ အဆင်ပြေပြေ တည်းခိုနိုင်အောင် တဲလေးတွေရဲ့ မနီးမဝေး နေရာလေးတွေမှာ စားသောက်ဆိုင်လေးတွေကို ထားရှိပေးထားပါသေးတယ်။

ရွှေပြည် Resort လေးမှာ ဘန်ဂလိုတဲတွေ ထားရှိတဲ့အပြင် အရိပ်ကောင်းကောင်း ရရှိနိုင်တဲ့ သစ်ပင်ကြီးတွေမှာလည်း ခုံတန်းတွေ၊ စားပွဲဝိုင်းတွေကို လုပ်ဆောင်ပေးထား ပါသေးတယ်။

ရွှေပြည်ရဲ့ ၁၂၈ ဧက ကျယ်ဝန်းလှတဲ့ မြေဧကပေါ်မှာ တောင်ကုန်း၊ သစ်ပင်နဲ့လွင်ပြင်လေးတွေ အပြင် ရေကန်လေးတွေ ပါရှိတဲ့အတွက်ကြောင့် မြို့ပြမှာ နေထိုင်သွားလာ နေသူတွေအနေနဲ့ စိမ်းလန်းစိုပြည်လှတဲ့ ပတ်ဝန်းကျင် အသစ်တစ်ခုကို ရောက်ရှိသွားသလို စိတ်ခံစားမှု ရရှိနိုင်မှာပါ။ အပြောင်းအလဲလေး တစ်ခုအနေနဲ့ ပတ်ဝန်းကျင်သစ် တစ်ခုကို သွားရောက်မယ် ဆိုရင်တော့ ပဲခူး ရွှေပြည်ကတော့ သင့်တင့်တဲ့ နေရာလေးတစ်ခုလို့လည်း ဆိုချင်ပါတယ်။

ရေကန်လေးမှာဆိုရင်လည်း အပျော်တမ်း နှစ်ယောက်စီး လှေလေးတွေနဲ့ အပျော်စီး လှေစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ပဲခူးရွှေ ပြည်လေးက ပဲခူးမြို့ထဲနဲ့လည်း အတော်လေးလှမ်းတဲ့ အတွက်ကြောင့် အစားအသောက်အတွက် စိတ်ပူပန်နေသူ အတွက်လည်း သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အစားအသောက်ကောင်းတွေကိုလည်း ရောင်းချပေးပါတယ်။

သာမန် စားသောက်ဆိုင်ထက် ဈေးနှုန်းအနည်းငယ် မြင့်ပေမယ့် ပေးရတဲ့ဈေးနဲ့တန်အောင် လုပ်ဆောင်ပေးထားတဲ့ ၀န်ဆောင်မှုနဲ့ သန့်ရှင်းလတ်ဆတ်မှု ရှိအောင် လုပ်ဆောင်ပေးထားတဲ့ အတွက်ကြောင့် စားသုံးသူတွေအနေနဲ့ စိတ်ကျေနပ်မှု ရှိနိုင်မယ်လို့ ထင်ပါတယ်။ ရရှိနိုင်တဲ့ အစားအသောက်တွေက မြန်မာ့ရိုးရာဟင်းများ၊ တောတွင်းသားဟင်းမျိုးစုံနဲ့ တရုတ်ဟင်းလျာများကိုလည်း ရရှိနိုင်ပါတယ်။ အစားအသောက်တွေနဲ့ ဈေးနှုန်းကတော့ ကျပ် ၁၅၀၀ ကနေစတင်ပြီး ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ရွှေပြည် Resort လေးမှာ ရွှေပြည်မှာ အပန်းဖြေစခန်းကို ဖွင့်လှစ်ထားတဲ့အပြင် ညအိပ်တည်းခိုနိုင်တဲ့ ဟိုတယ် Resort လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် ပျော်ပွဲစားထွက်တဲ့ မိသားစုတွေအနေနဲ့ အိမ်မပြန်ချင်သေးရင် ဟိုတယ် Resort လေး မှာ တည်းခိုနိုင်ပါသေးတယ်။

ရွှေပြည်ရဲ့ အပန်းဖြေစခန်း ဖွင့်ချိန်က နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်တာဖြစ်ပြီးတော့ အပန်းဖြေစခန်းရဲ့ ၀င်ကြေးအနေနဲ့ လူတစ်ယောက်ကို ကျပ် ၁၀၀၀ နှုန်း ကျသင့်မှာဖြစ်ပါတယ်။

နောက်ပြီး ရွှေပြည်က ပဲခူးမြို့ပိုင်မှာ ရှိတဲ့အတွက် ပဲခူးမြို့ကို လည်ပတ်နိုင်ပြီး ပဲခူး မြို့ရဲ့အထင်ကရနေရာတွေကို သွားဖို့ အချိန်တွေအများကြီးပေးပြီး သွားစရာမလိုတော့တဲ့အတွက် ဒီခရီးစဉ်လေးက အကျိုးရှိစေမယ့် ခရီးစဉ်လေးတစ်ခုလို့ ဆိုနိုင်မှာပါ။

ရန်ကုန်မြို့နဲ့ ဘယ်လောက်မှ မဝေးလှတဲ့ ခရီးတစ်ခုဖြစ်တဲ့ မွန်းကျပ်လှတဲ့ မြို့ပြနေရာကနေ စိတ်အပန်းဖြေနိုင်မယ့် ခရီးတစ်ခုဖြစ်နိုင်မယ်လို့ ထင်ပါတယ်။

Writer:
အေးမို့မို့အောင်သူ

Contact Us